

နေပြည်တော်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ယခုနှစ် ဧပြီမှ ဇူလိုင်လအတွင်း GACC နည်းလမ်းဖြင့် သဘာဝမွေးမြူရေး ရေထွက်ကုန် တန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ပြောကြားသည်။
၂၀၂၆-၂၀၂၇ ခုနှစ် ပထမ လေးလအတွင်း ရေထွက်ပစ္စည်းတန်ချိန် ၂၁,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၇ သန်းကျော်ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရေထွက်ပစ္စည်းတန်ချိန် ၆၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ဦးထွန်းသိန်းက ဆိုသည်။
GACC နည်းလမ်းဖြင့် တင်ပို့ရန်ခွင့်ပြုထားသည့် စက်ရုံ ၈၉ ရုံ၊ အရှင်သိုလှောင်ကန် ၂၉ ကန်၊ ငါးမုန့်စက်ရုံ ၇ ရုံနှင့် မွေးမြူရေးကန် ၄ ကန်တို့ဖြစ်ပြီး သဘာဝဖမ်းဆီးရမိသော ရေထွက်ပစ္စည်းများ၊ ရေချိုရေငန် ငါး၊ ပုဇွန်များကို အရှင်တင်ပို့ခြင်း၊ ရေခဲရိုက်တင်ပို့ခြင်း၊ အေးခဲတင်ပို့ခြင်းနှင့် အခြောက်တင်ပို့ခြင်းများဖြင့် တရုတ်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ဆိပ်ကမ်းများဖြစ်သော ကွမ်ကျိုး၊ နန်နင်း၊ ယူနန်၊ ကူမင်း၊ ရှန်ဟိုင်း အပါအ၀င် မြို့ ၁၂ မြို့သို့ GACC နည်းလမ်းဖြင့် ရေထွက်ပစ္စည်းများ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာဝနှင့် မွေးမြူရေးရေထွက်ကုန်များကို GACC နည်းလမ်းဖြင့် တင်ပို့ရန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် မြန်မာ-တရုတ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)








