ရေစကြိုမြို့နယ်အတွင်းရှိ မိုးစိုက်ဝါသီးနှံစိုက်ခင်းအား တွေ့ရစဥ် (ဓာတ်ပုံ-Ministry of Commerce)
ရေစကြိုမြို့နယ်အတွင်းရှိ မိုးစိုက်ဝါသီးနှံစိုက်ခင်းအား တွေ့ရစဥ် (ဓာတ်ပုံ-Ministry of Commerce)

ရန်ကုန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက အရေအတွက်ကို ဧက ၇၅၀,၀၀၀ ခန့် တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဧကလျှင် ဝါအထွက် ပိဿာ ၇၀၀ ရရှိရန် ရည်မှန်းထားကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (သြဂုတ် ၁၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိ လူဦးရေ ၅၄ သန်းခန့်အတွက် ဝါမှထုတ်လုပ်သော အဝတ်အထည်နှင့် အခြားထုတ်ကုန်များကို ဖြည့်ဆည်းပေးရန် ဝါပိဿာချိန် သန်း ၃၅၀ ကျော် လိုအပ်သောကြောင့် ဝါစိုက်ဧကများကို တိုးချဲ့ရန် လိုအပ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိကို ဝါစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကာလအဖြစ် သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် မန္တလေး တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ဝါစိုက်ပျိုးရေးဇုန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ဝါစိုက် ဧက ၅၀၀,၀၀၀ ခန့် ရှိပြီး ဝါသည် မြန်မာနိုင်ငံအတွက် အရေးပါသော စီးပွားရေးသီးနှံတစ်ခု ဖြစ်ကြောင်း၊ ဝါသည် အထည်အလိပ်များ ထုတ်လုပ်ရုံသာမက စားသုံးနိုင်သော ဆီနှင့် စက်မှုသုံးဆီများကိုပါ ထုတ်လုပ်နိုင်သည့်အပြင် ဝါစေ့ချဉ်ကိုလည်း အသားထွက်ကုန်များ တိုးတက်စေရန် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)