
ရန်ကုန်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဇူလိုင်လ တစ်လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန်တင်ပို့မှုကြောင့် အမေရိကန်ဒေါ်လာ ၆၄ သန်းရရှိခဲ့ကြောင်း ယနေ့(သြဂုတ် ၁၇ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်မှ ၃၁ ရက်အတွင်း ဆန်နှင့်ဆန်ကွဲပို့ကုန်ကုမ္ပဏီ ၅၄ ခုမှ ဆန်တန်ချိန် ၁၄၁,၇၈၂ တန်နှင့် ဆန်ကွဲတန်ချိန် ၂၈,၄၁၃ တန်ကို တင်ပို့နိုင်ခဲ့ရာ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၄ သန်းရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၅,၄၁၆ တန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပြီး ပိုလန်၊ နယ်သာလန်၊ စပိန်၊ တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀ သို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဆန်ကွဲကို တရုတ်နိုင်ငံသို့ ၁၈,၁၁၈ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန် စသည့်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)








