ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်တက္ကသိုလ်တို့ ပူးပေါင်း၍ တရုတ်-မြန်မာ လူငယ်ကူးလူးဖလှယ်ရေး လှုပ်ရှားမှုနှင့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို စက်တင်ဘာလ ၃ ရက်တွင် ပူးတွဲကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Dr. Zheng Zhihong ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်၊ သံရုံးမှ လူငယ်သံတမန်များ၊ ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံ၌ ပညာတော်သင်နေသော တရုတ်ကျောင်းသား ကျောင်းသူများအပြင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ မီဒီယာ၊ တတ်သိပညာရှင်အဖွဲ့အစည်း (Think Tank) နှင့် ပညာရေးနယ်ပယ်တို့မှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ သံမှူးကြီး Dr. Zheng Zhihong မှ အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ လူငယ်များအကြား နှစ်ဖက်ကူးလူးဖလှယ်မှုသည် အပြန်အလှန်နားလည်မှုကိုတိုးတက်စေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပိုမိုနက်ရှိုင်းသည့် ပြည်သူ့သဘောထားအခြေခံအုတ်မြစ်ကို ခိုင်မာစေကြောင်း၊ နှစ်နိုင်ငံ လူငယ်များအနေဖြင့် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ဆက်ခံသူများ၊ ယဉ်ကျေးမှု ဖလှယ်ရေးတွင် ပါဝင်သူများနှင့် အပြန်အလှန် အကျိုးပြုပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသူများအဖြစ် ဆောင်ရွက်ကြစေလိုကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး၏ လှပသောအနာဂတ်အတွက် လူငယ်အင်အားစုများကို လက်တွဲ၍ ပံ့ပိုးကူညီသွားကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ (Xinhua)








