နေပြည်တော်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် ၅၉,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၄ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုမ္ပဏီပေါင်း ၄၆ ခုမှ တစ်သျှူးငှက်ပျောတင်ပို့မှု မက်ထရစ်တန်ချိန် ၅၉,၀၀၀ ကျော် တင်ပို့ထားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရာတွင် တစ်ကီလိုလျှင် ၂.၄ ယွမ်၊ ၁ မက်ထရစ်တန်ကို ယွမ်၂,၄၀၀ နှုန်း၊ မြန်မာ ကျပ်ငွေအားဖြင့် ၁ မက်ထရစ်တန်ကို ၇၄၂,၅၆၀ ကျပ်ဖြင့် တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဓိကအားဖြင့် မြစ်ကြီးနား၊ ဗန်းမော်တို့က GACC လက်မှတ်ရရှိထားသော ကုမ္ပဏီပေါင်း ၄၆ ခုတို့က တင်ပို့နေပြီး အဆိုပါ ကုမ္ပဏီပေါင်း ၄၆ ခု၏ စိုက်ဧကအားဖြင့် ၅၅,၂၅၃ ဧကရှိကြောင်း၊ GACC လက်မှတ်မကျသေးသည့် တစ်သျှူးငှက်ပျောစိုက်ဧက ၇၀၀,၀၀၀ကျော် ရှိပြီး အဆိုပါ စိုက်ဧကများကလည်း GACC လျှောက်ထားပြီး တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)








