
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံကို ဧက ၇၄၀,၀၀၀ ကျော်အထိ စိုက်ပျိုးရန် ဆောင်ရွက်မည်ဖြစ်ပြီး ဝါတစ်ဧကလျှင် ဝါအထွက်နှုန်း ပိဿာချိန် ၇၀၀ ကျော် ရရှိရေးဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
လက်ရှိတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းဒေသ တိုင်းဒေသကြီး၊ ပြည်နယ် ၆ ခု တွင် ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု မှ ဝါစိုက်ဧက ၆ သိန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ချမှတ်ထားပြီး နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်ကာ ဝါစိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက်ဧက ၆ သိန်းကျော် စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက ၅၃၀,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ချည်မျှင်၊ ချည်ဝါ စိုက်ဧက အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ဝါစိုက်ပျိုးသည့် နိုင်ငံများအတွင်းပါ၀င်ပြီး ဝါဖြင့် ချည်များကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ပါက ၀င်ငွေ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဝါသီးနှံမှ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့် ဆီကြိတ်ဖတ်များ ထုတ်လုပ်နိုင်ပြီး ဝါဂွမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို အဝတ်အထည်များအတွက် အသုံးပြုကာ ၁၅ ရာခိုင်နှုန်းကို အိမ်တွင်းအလှဆင်လုပ်ငန်းများတွင် အသုံးပြုကြောင်း၊ ၅ ရာခိုင်နှုန်းကို စစ်ထုတ်ခြင်းနှင့် စုပ်ယူခြင်း အသုံးအဆောင်ပစ္စည်များအတွက် အသုံးပြုကြောင်း သိရသည်။
နိုင်ငံတော်မှ ဝါသီးနှံစိုက်ပျိုးထုပ်လုပ်မှု မြှင့်တင်ခြင်းအဖြစ် ဝါဂွမ်းမှ အဆင့်မီ အထည်အလိပ်၊ လူသုံးကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဝါကြိတ်စက်များ၊ ချည်မျှင်နှင့် အထည်စက်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ဒေသအလိုက်ထူထောင်ခြင်းနှင့် ရေရှည်ရှင်သန်နိုင်ရေး၊ စျေးကွက်ယှဥ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခြင်း၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)








