
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂၅ သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်ထိ ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက စက်တင်ဘာ ၇ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အချက်အလက်များအရ နိုင်ငံ၏ အသားတင်သီးနှံစိုက်ပျိုးမှု ဧရိယာ၏ ၅၉.၃၂ ရာခိုင်နှုန်းတွင် စပါးကို အဓိက စိုက်ပျိုးကြပြီး စုစုပေါင်းစပါးစိုက်ဧက ၁၇.၆၂ သန်းရှိကြောင်း သိရသည်။
အဆိုပါ စပါးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုပြီး ကျန် ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းစျေးကွက်ဝင် စပါးမျိုး ၁၁ မျိုးနှင့် ပြည်ပစျေးကွက်ဝင် စပါးမျိုး ၇ မျိုးရှိသည့်အနက် အထွက်နှုန်းမြင့်မားပြီး စျေးကွက်ခိုင်မာသည့် စပါးမျိုးကို မြန်မာနိုင်ငံတွင် ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
စိုက်ပျိုးရေးသီးနှံများတွင် ဆန်စပါးသည် မြန်မာနိုင်ငံအတွက် အဓိကကျသော သီးနှံဖြစ်ပြီး နိုင်ငံစီးပွားရေးမြှင့်တင်ရန်နှင့် နိုင်ငံခြားဝင်ငွေရရှိရန် အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ (Xinhua)








