ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ကျပ်ဘီလီယံ ၁၇၀ မတည်ပေးကြောင်း နိုင်ငံပိုင်မီဒီယာများက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန စက်မှုနှင့် အသေးစား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးဌာနတို့ ပူးပေါင်းပြီး MSME စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်က မတည်ငွေ ကျပ် ဘီလီယံ ၁၇၀ အနက် ဘီလီယံ ၁၅၀ ကို ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင် MSME လုပ်ငန်း ၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။
အိမ်နီးချင်းအာဆီယံနိုင်ငံများအပါအ၀င် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးပါကြောင်း သိရသည်။
MSME လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ဂျိုက်ကာ MSME Two-Step Loan ချေးငွေ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတို့မှ MSME လုပ်ငန်းရှင် ၃၆၈ ဦးကို ငွေပမာဏ ကျပ် ၄၄,၇၃၅ သန်း ထုတ်ချေးထားကြောင်း သိရသည်။
အဆိုပါ MSME လုပ်ငန်းများအား ချေးငွေဆိုင်ရာသတ်မှတ်ချက်များသည် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံး ကျပ် သန်း ၅၀ ၊ အလတ်စားစီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ်သန်း ၁၀၀ နှင့် CGI စနစ်ဖြင့် ထုတ်ချေးလိုပါက မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၉ ခုတို့နှင့် သတ်မှတ်ထားသည့် ပမာဏ ကျပ်သန်း ၅၀ သန်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်း ချေးငွေသက်တမ်းနှင့် အတိုးနှုန်းများသည် Fixed Capital အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုမည့်ချေးငွေတွင် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်းအား အများဆုံး ၃ နှစ် (၁ နှစ်ဆိုင်းငံ့၊ ၂ နှစ် ၄ ရစ်ဆပ်)၊ Working Capital ၁၀၀ ရာခိုင်နှုန်းအသုံးပြုမည့်ချေးငွေတွင် အတိုးနှုန်း ၄ ရာခိုင်နှုန်း၊ ချေးငွေသက်တမ်းအား အများဆုံး ၁ နှစ် ၆ လ (၆ လဆိုင်းငံ့၊ ၁ နှစ် ၂ ရစ်ဆပ်)၊ CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတိုးနှုန်း ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။
Fixed Capital ချေးငွေရယူထားသူများအား ချေးငွေအများဆုံး ၂ ကြိမ်၊ Working Capital ချေးငွေရယူထားသူများအား ချေးငွေအများဆုံး ၃ ကြိမ်ထိသာ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)








