မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-MOI)
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-MOI)

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၅၆ မှုမှ ကျပ် ၃,၅၈၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ မူးယစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်တရားခံပြေး ၅၈ ဦး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ပြီး ၂၀၂၅ ခုနှစ် အတွင်း အမှုပေါင်း ၆၈၅ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၄,၂၈၅ သန်းကျော်၊ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၃၅၆ မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကျပ် ၃,၅၈၅ သန်းကျော် သိမ်းဆည်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် KTV ၊ Bar ၊ Club ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် Hotel ၊ Motel ၊ တည်းခိုခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)