နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးများကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်မှ စတင်ပြီး မတ် ၁၈ နှင့် မတ် ၂၀ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ထုတ်ပြန်သော သတင်းများအရ သိရသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၃ တို့ပါ ပြဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ မတ် ၁၆ ရက် နံနက် (၁၀) နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မ ၁၅၄၊ ပုဒ်မခွဲ(ခ) နှင့် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ) တို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ မတ် ၁၈ ရက် နံနက် (၁၀) နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် အသီးသီး၌ မတ် ၂၀ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးများ တက်ရောက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိကြောင်း သတင်းပို့လက်ခံဌာနများ ဖွင့်လှစ်ထားရှိမှုနှင့် စပ်လျဉ်း၍လည်း ထုတ်ပြန်ထားကြောင်း သိရသည်။(Xinhua)










