ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ဖွင့်ပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT Hak၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
ဖိုရမ်ဖွင့်ပွဲတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယခုဖိုရမ်သည် မူဝါဒရေးရာ ဆွေးနွေးမှုများသာမက ဒေသခံပြည်သူလူထုကို ဗဟိုပြု၍ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကောင်းကျိုးများ မည်သို့မျှဝေ ဖန်တီးနိုင်သည်ဆိုသော လက်တွေ့ကျသည့် ကွင်းဆင်းဆောင်ရွက်မှုများ၊ ဈေးကွက်ရှာဖွေရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံဉာဏ်ကောင်းများကို မျှဝေဖလှယ်နိုင်မည့် အဖိုးတန်ဆက်သွယ်မှု ကွန်ရက်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲကိုလည်း ထည့်သွင်းကျင်းပနိုင်ခဲ့သဖြင့် အစားအသောက်ယဉ်ကျေးမှုမှတစ်ဆင့် မိမိတို့ဒေသတွင်းနိုင်ငံများမှ ပြည်သူလူထု၊ ခရီးစဉ်ဒေသများနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နောက်ခံသမိုင်းကြောင်းများကို ဖော်ထုတ်ပေးနိုင်မည့်အပြင် နယ်စပ်ဖြတ်ကျော် ယဉ်ကျေးမှုဖလှယ်မှုများကိုလည်း ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အမှုဆောင် ဒါရိုက်တာတို့က အမှာစကား ပြောကြားကြပြီး ဖိုရမ်ဆွေးနွေးမှုတွင် မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)








