ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

နေပြည်တော်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငွေကျပ် (၂)ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၄)သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၁၅ ရက်အချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီး ပြည် - ဥသျှစ်ပင်သွားကားလမ်းတွင် မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၆ ရက်၌ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူအား မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် စိတ်ကြွဆေးပြား ၂၅,၀၀၀ ပြား၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ ဒသမ ၂၅ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား အဓိကသယ်ဆောင်ခိုင်းသူနှင့် ဆက်စပ်သူများအား ပြည်မြို့တွင် တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)