
ဒါးလက်စ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
လက်ရှိကျင်းပနေသော ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်း၏ ကစားသမားဘဝတွင် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဟု ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက ဇူလိုင် ၅ ရက်၌ အတည်ပြုခဲ့သည်။
"ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ မနက်ဖြန်က ကျွန်တော့်ရဲ့နောက်ဆုံးပွဲ မဟုတ်ဘူးလို့တော့ မျှော်လင့်ထားကြတာပေါ့" ဟု စပိန်အသင်းနှင့် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ရော်နယ်ဒိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ "ကျွန်တော့်အတွက် ရလဒ်ဆိုးရွားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလို့ မထင်ပါဘူး။ ကျွန်တော် သုံးဂိုးသွင်းပြီးပြီလေ။ မနက်ဖြန်မှာ ကျွန်တော် ဂိုးထပ်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုမှာ အုပ်စုအဆင့်၌ ဥဇဘက်ကစ္စတန်အသင်းကို နှစ်ဂိုးသွင်းယူခဲ့သလို ၃၂ သင်းအဆင့်၌လည်း ခရိုအေးရှားအသင်းဘက်ကို ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူနိုင်ခဲ့ရာ အဆိုပါသွင်းဂိုးမှာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်၌ ၎င်း၏ပထမဆုံး သွင်းဂိုးလည်းဖြစ်သည်။
၎င်းအနေဖြင့် ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပထမဆုံးဂိုးသွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ ဂိုးအထိ ရရှိထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်ဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၎င်း ကစားသမားဘဝမှ အနားယူမည့်အချိန်နှင့် ပတ်သက်၍ ထပ်တလဲလဲ မေးမြန်းမှုများနှင့် စပ်လျဉ်း၍လည်း ရော်နယ်ဒိုက ယင်းအား ၎င်းတစ်ဦးတည်းသာ ဆုံးဖြတ်မည်ဟု ဆိုသည်။
"ကျွန်တော် ဘောလုံးကစားနေရင်ပဲဖြစ်ဖြစ် မကစားတော့ရင်ပဲဖြစ်ဖြစ် ကျွန်တော်က နိုင်ငံအသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အမြဲရှိနေမှာပါ။ ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေက ပြောခဲ့သလိုပဲ ကျွန်တော် အဆုံးသတ်ချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျရင် ကျွန်တော် အဆုံးသတ်မှာပါ" ဟုလည်း ၎င်းက ပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မနက်ဖြန်မှာ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော် လိပ်ပြာသန့်သန့်နဲ့ပဲ ထွက်ခွာသွားမှာပါ။ အဲဒါက ၁၀၀ ရာခိုင်နှုန်းမဟုတ်ဘဲ ၁,၀၀၀ ရာခိုင်နှုန်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘောလုံးအားကစားအတွက် အရာအားလုံး ပေးဆပ်ခဲ့လို့ပါပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။
ရော်နယ်ဒိုအနေဖြင့် ပေါ်တူဂီအသင်းအတွက် ၂၃၂ ပွဲ ပါဝင်ကစားခဲ့ပြီး နိုင်ငံတကာသွင်းဂိုး ၁၄၆ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့သည်။ ၎င်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပေါ်တူဂီအတွက် ၎င်း၏ပထမဆုံး အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင်လည်း ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ အလေးအနက် သုံးသပ်ပြောဆိုရာတွင် ရော်နယ်ဒိုက ပရိသတ်များ၏ ပြင်းပြင်းပြပြ အားပေးမှုကို စိတ်လှုပ်ရှားစွာ ချီးကျူးပြောဆိုခဲ့သည်။
"ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပရိသတ်တွေရဲ့ ပြင်းပြင်းပြပြအားပေးမှု အမှတ်သညာပါပဲ။ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပြင်းပြမှုတင်မကဘဲ ဘောလုံးပရိသတ်တွေရဲ့ ပြင်းပြင်းပြပြ အားပေးမှုကလည်း သိပ်အရေးကြီးပါတယ်" ဟု ၎င်းက ဆိုသည်။
"ဒီမနက်ခင်း မနက်စာစားချိန်တုန်းက ဗင်နီဇွဲလားနဲ့ ကိုလံဘီယာက ပရိသတ်တွေနဲ့ ဆုံဖြစ်တော့ သူတို့က ကျွန်တော့်ကို သူတို့ရဲ့အကြောင်းတွေ ပြောပြတယ်။ တော်တော်များများက ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ မျက်ရည်ဝဲနေကြတယ်ဗျ။ အဲဒါက သိပ်ကိုအရေးကြီးတယ်။ အဲဒါက ဘဝရဲ့ အရေးကြီးတဲ့အရာပါပဲ" ဟု ရော်နယ်ဒိုက ပြောသည်။ (Xinhua)
.....................................................................
(English Version)
Ronaldo confirms 2026 World Cup will be his last
DALLAS, July 5 (Xinhua) -- Portugal captain Cristiano Ronaldo confirmed on Sunday that the ongoing 2026 FIFA World Cup will be the last of his career.
"This will be my last World Cup, but let's hope tomorrow isn't my last game," Ronaldo told reporters ahead of the round of 16 match against Spain. "I don't think I have had a bad World Cup. I have already scored three goals. Let's see if I can score another tomorrow."
The 41-year-old scored twice against Uzbekistan in the group stage and converted a penalty against Croatia in the round of 32, his first World Cup knockout stage goal.
He has scored at six consecutive World Cups since his debut in Germany in 2006, and with 11 World Cup goals is the first man to score at six straight editions.
Asked repeatedly about retirement, Ronaldo said the decision would be his alone.
"Whether I am playing or not, I will always have an important role with this national team. I will finish when I decide to finish, as I said years ago," he said.
"To be honest, whatever happens tomorrow, I will leave with a clear conscience, not 100%, but 1000%. Because I've given everything in football," he added.
Ronaldo has made 232 appearances for Portugal and scored a record 146 international goals. He captained his country to its first major title at Euro 2016 and later lifted the UEFA Nations League trophies in 2019 and 2025.
Reflecting on the tournament, an emotional Ronaldo praised fans' passion.
"This World Cup has been marked by the passion of the people. Not only our passion to play in a competition of this magnitude, but the passion of football fans everywhere," he said.
"This morning at breakfast I met people from Venezuela and Colombia who told me their stories. Many of them had tears in their eyes when they looked at me. That is what really matters. That is what life is about."
English Caption 1
Cristiano Ronaldo of Portugal attends a press conference ahead of the round of 16 match between Portugal and Spain at the 2026 FIFA World Cup in Dallas, the United States, on July 5, 2026. (Xinhua/Cheng Min)
English Caption 2
Cristiano Ronaldo of Portugal celebrates after scoring their first goal during the round of 32 match between Portugal and Croatia at the 2026 FIFA World Cup at Toronto Stadium in Toronto, Canada, July 2, 2026. (Photo by Zou Zheng/Xinhua)
English Caption 3
Cristiano Ronaldo (L) of Portugal shakes hands with head coach Roberto Martinez after being substituted during the round of 32 match between Portugal and Croatia at the 2026 FIFA World Cup at Toronto Stadium in Toronto, Canada, July 2, 2026. (Photo by Zou Zheng/Xinhua)








