အန်ကာရာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို လက်နက်များ သို့မဟုတ် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ ပံ့ပိုးမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် Peter Magyar က တူကီယဲနိုင်ငံ မြို့တော်အန်ကာရာတွင် ဇူလိုင် ၈ ရက်၌ ပြောကြားခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် နေတိုးအဖွဲ့ စည်းလုံးညီညွတ်မှုအတွက် ဟန်ဂေရီနိုင်ငံ၏ ကတိကဝတ်ကိုလည်း အလေးထားပြောကြားခဲ့သည်။

ယခုဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဟန်ဂေရီအစိုးရ၏ အဆိုပါရပ်တည်ချက်ကို Magyar က နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေး မတက်ရောက်မီ သတင်းထောက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံသည် "နစ်နာသူ" ဖြစ်ကာ ၎င်း၏ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ပေးအပ်လျက်ရှိပေမဲ့ ဟန်ဂေရီနိုင်ငံဟာ ယူကရိန်းအတွက် လက်နက်တွေ ဒါမှမဟုတ် တပ်ဖွဲ့ဝင်တွေတော့ ပံ့ပိုးပေးမှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်သည် ဧပြီလက ရွေး‌ကောက်ပွဲအတွင်း ဟန်ဂေရီမဲဆန္ဒရှင်များ၏ ထောက်ခံမှုအရ ရရှိသော လုပ်ပိုင်ခွင့်အာဏာနှင့်ကိုက်ညီကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ဇူလိုင် ၇ ရက်၌ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက မဝေးတော့သည့်အနာဂတ်တွင် နှစ်နိုင်ငံတွေ့ဆုံပွဲ ကျင်းပရန် သဘောတူခဲ့ကြသည်ဟုလည်း Magyar က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Hungary will not provide arms, troops to Ukraine: PM

ANKARA, July 8 (Xinhua) -- Hungary will not provide weapons or military personnel to Ukraine, Prime Minister Peter Magyar said here on Wednesday, while emphasizing Budapest's commitment to humanitarian aid and NATO unity.

Speaking to journalists before entering the NATO summit session, Magyar clarified the Hungarian government's stance on the ongoing conflict, namely that Ukraine is the "victim" and has the right to defend its territorial integrity.

"We maintain our humanitarian assistance to Ukraine but ... Hungary will not provide arms or troops to Ukraine," he said.

The prime minister said the decision aligns with a clear mandate given by the Hungarian electorate during the April elections.

Magyar also disclosed that he held a brief discussion with Ukrainian President Volodymyr Zelensky on Tuesday, adding that both leaders have agreed to hold a bilateral meeting in the near future. ■

English Caption

Hungarian Prime Minister Peter Magyar speaks at the first press conference of the new Hungarian government in Opusztaszer, Hungary, May 13, 2026. (Photo by Peter Zsolnai/Xinhua)