
ဘန်ကောက်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ တောင်ပိုင်း Narathiwat ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင် ၂၂ ရက်က မည်သူမည်ဝါမှန်း မသိသူ လူတစ်စုမှာ သေနတ်ပစ်ခတ်ပြီး ပိုက်ပုံစံဗုံး ပစ်သွင်းခဲ့မှုကြောင့် စစ်သည် ၅ ဦး သေဆုံး၍ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဇူလိုင် ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူ ၆ ဦးသည် Narathiwat ပြည်နယ် Ra-ngae ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခု တံခါးဝသို့ ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် မောင်းနှင်လာပြီးနောက် သေနတ်ပစ်ခတ်၍ ဗုံးပစ်သွင်းကာ ကားမောင်းထွက်ပြေးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ လုံခြုံရေးဌာနက တိုက်ခိုက်သူအား အစွမ်းကုန်လိုက်လံဖမ်းဆီးနေကြောင်း၊ တစ်ချိန်တည်းတွင် အဆိုပါဒေသ၌ အဆင့်မြင့်ဆုံး လုံခြုံရေးအစီအမံများ ဆောင်ရွက်ရန် အမိန့်ချမှတ်ထားကာ စစ်ဆေးရေးဂိတ်အားလုံး အထူးသတိထားကြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်က ဇူလိုင် ၂၂ ရက်ညပိုင်းတွင် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများကို ထိရောက်သော ကိုင်တွယ်မှုအစီအမံများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ တောင်ပိုင်းဒေသပြည်နယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
泰国南部一检查站遭炸弹袭击 5名士兵死亡
新华社曼谷7月23日电(记者常天童)据泰国媒体23日报道,一伙不明身份人员22日在泰国南部那拉提瓦府一检查站开枪并投掷管状炸弹,造成5名士兵死亡、6名平民受伤。
报道说,袭击发生在当地时间18时45分许,6名袭击者驾驶皮卡车到达那拉提瓦府拉昂县一检查站门口,开枪并投掷炸弹,随后驾车逃逸。
目前,泰国安全部门正全力追捕袭击者,同时下令在该地区采取最高级别安保措施,指示所有检查站保持高度警惕。
泰国总理阿努廷22日晚针对这一袭击事件敦促相关部门采取有效应对措施。他还表示,南部边境省份的和平谈判进程将继续进行。(完)








