အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့၌ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘီမို ဝီယာယန်တို အဖွင့်အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့၌ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘီမို ဝီယာယန်တို အဖွင့်အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

သုံးရက်ကြာ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အခွန်ကောက်ခံမှု စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (BRITACOF) ကို အောက်တိုဘာ ၁၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ဖိုရမ်တွင် ကျယ်ပြန့်သော ဘုံသဘောတူညီချက်များ ရရှိခဲ့ပြီး အရေးကြီးရလဒ် ၆ ရပ် ထွက်ပေါ်လာခဲ့သည်။

ဖိုရမ်ကျင်းပစဉ် တရုတ်နိုင်ငံ အမျိုးသားအခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချိုက်ကျစ်လိက “ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်မြင့်နည်းပညာများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပြီး အခွန်ကောက်ခံရာနှင့် စီမံခန့်ခွဲမှုလုပ်ဆောင်ရာတွင် ပိုမိုထိရောက်မှုရှိစေရေး” ခေါင်းစဉ်ဖြင့် အဓိကမိန့်ခွန်း ပြောကြားခဲ့သည်။ ယခုအခါ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံအသီးသီး၏ အခွန်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အခွန်ဌာနများအနေဖြင့် အခွန်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ များပြားလာခြင်း၊ စီးပွားရေး ပုံစံနှင့် လုပ်ငန်းပုံစံသစ်များ ဆန်းသစ်ပေါ်ပေါက်လာခြင်း၊ အခွန်ဆိုင်ရာ အချက်အလက် ရရှိသည့် အရင်းအမြစ်များ ကျယ်ပြန့်လာခြင်းနှင့် နည်းပညာအသုံးချမှုများ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာခြင်းစသည့် အခြေအနေများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ချိုက်ကျစ်လိက ဆိုသည်။ ယင်းအတွက် သင်တန်းတက်ရောက်သူများ၊ အသိပညာစနစ်၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ အရင်းအမြစ်များ၊ သင်ကြားရေးနည်းလမ်းများနှင့် သင်ယူရရှိမှုများကို လက်တွေ့အသုံးချနိုင်ရေး စသည့် ရှုထောင့် ၅ ခုမှ အားသွန်ခွန်စိုက် အပြည့်အဝ တိုးမြှင့်ဆောင်ရွက်ကာ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်မြင့်နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းစနစ်ကို ဘက်စုံတည်ဆောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်ရှိုင်းစွာဆောင်ရွက်ရန်၊ ဖိုရမ်၏ အယူအဆများကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် အောင်မြင်ပြီးဖြစ်သောလုပ်ငန်းပုံစံများကို မတူညီသည့် အခွန်စနစ်များတွင် လိုက်လျောညီထွေ အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း အင်ဒိုနီးရှားအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘီမို ဝီယာယန်တိုက ပိတ်ပွဲအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ပိုမိုမျှတ၊ ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိသည့် ကမ္ဘာ့အခွန်စနစ်တစ်ရပ်ကို ပူးပေါင်းဖန်တီး တည်ဆောက်သွားရန်လည်း ပြောကြားခဲ့သည်။

ပိတ်ပွဲအခမ်းအနားတွင် အဋ္ဌမအကြိမ်မြောက် ဖိုရမ်ကို တာဂျစ်ကစ္စတန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

ယခုအကြိမ်ဖိုရမ်ကို “ဒီဂျစ်တယ်ဖြင့် ပူးပေါင်းစီမံ၊ အခွန်အကျိုးဖြင့် အနာဂတ်ဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံနှင့်ဒေသပေါင်း ၄၀ နီးပါးမှ အခွန်ဌာနတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း ၈ ခုနှင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ၏ နိုင်ငံစုံအခြေစိုက်ကုမ္ပဏီများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ပါဝင်တက်ရောက်သူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

第七届“一带一路”税收征管合作论坛取得六项成果

新华社雅加达10月15日电(记者李斯博)为期三天的第七届“一带一路”税收征管合作论坛15日在印度尼西亚雅加达闭幕。论坛达成广泛共识,取得六项重要成果。

论坛期间,中国国家税务总局副局长蔡自力围绕“强化数智赋能 提升征管效能”发表主旨演讲。他表示,当前数字经济和人工智能技术飞速发展,给各国税收治理带来新的挑战。中国税务部门面对“涉税经营主体多、经济业态模式新、税务数据来源广、技术应用迭代快”的形势与挑战,从培训对象、知识体系、课程资源、教学方式、效果转化等五个维度深耕发力,全方位构建数智能力提升培训体系。

印度尼西亚税务局局长比莫·维亚扬托在闭幕式致辞中表示,期待各方持续深化国际税收合作,将论坛理念转化为实际行动,推动成熟模式在不同税收体系中灵活落地,共同构建更加公平、透明、高效的全球税收环境。

闭幕式上还宣布,第八届论坛将在塔吉克斯坦举办。

本次论坛以“数治协同 税享未来”为主题,来自近40个国家和地区的税务部门负责人、8个国际组织以及部分中外跨国企业代表共300余人参加。

图说 :10月13日,在印度尼西亚首都雅加达,印度尼西亚税务局局长比莫·维亚扬托在论坛开幕式上致辞。新华社发(阿贡·昆卡亚摄)