ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းတွင်းသို့ရောက်ရှိလာခြင်း” လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်တွင် ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါ်နုမြဇံနှင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်တို့က အသီးသီး အမှာစကားပြောကြားခဲ့ပြီး “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းတွင်းသို့ ရောက်ရှိလာခြင်း” လှုပ်ရှားမှု၏ အပြုသဘောဆောင်သည့် အဓိပ္ပာယ်ကို အသိအမှတ် ပြုခဲ့ကြကာ ဖလှယ်ဆွေးနွေးမှုများမှတစ်ဆင့် ရှေးဟောင်းယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ထိန်းသိမ်းရန်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ဆက်ခံသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo က အဆိုပါအစီအစဉ်ကို ဝိုင်းဝန်းကူညီပေးကြသည့် အဖက်ဖက်မှ ဧည့်သည်တော်မိတ်ဆွေများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တရုတ်ဝိသေသလက္ခဏာဆောင်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အစီအစဉ်များကို မိတ်ဆက်ပေးခဲ့သည်။

ယခုလှုပ်ရှားမှုကို “ညီညာနွှဲပျော်လှေကိုလှော် ယဉ်ကျေးမှုဖလှယ်ဆွေးနွေးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဆွေးနွေးဖလှယ်ရေးနေ့ကို အထိမ်းအမှတ်ပြုရန်နှင့် ရိုးရာပွဲတော်ဖြစ်သည့် ကောက်ညှင်းထုပ်ပွဲတော်ကို ဆင်နွှဲရန်ရည်ရွယ်ခြင်းဖြစ်သည်။ တရုတ်ပညာရှင် Mr. Lv Yanbin က ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရှေးဟောင်းအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး တိုးတက်မှုအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအန်းဟွေးကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Hou Kenian က ရိုးရာဗိသုကာယဉ်ကျေးမှုနှင့် သက်ဆိုင်ရာ ဖြစ်ရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

Teochew Gongfu Tea ၊ စက္ကူအလှညှပ်၊ အော်ပရာနှင့် ဂီတ စသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ပြသမှုများအပြင် အသိဉာဏ်ပညာဖြင့် သင်ကြားပြသမှုနှင့် “တရုတ်စာ သင်ယူမှုရေပန်းစားခြင်း” စသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများသည် ယဉ်ကျေးမှုချင်း ဆွေးနွေးဖလှယ်ရေးအတွက် ထူးခြားကောင်းမွန်သော ပတ်ဝန်းကျင် ကောင်းကို ဖန်တီးပေးခဲ့ကြောင်း သိရသည်။ (Xinhua)