
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူဦးရေ ၁,၆၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဘီလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ မွန်ပြည်နယ် ဘီလင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် အိမ်ထောင်စု ၄၃၅ စုမှ စုစုပေါင်း လူဦးရေ ၁,၆၈၁ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဘီလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ဇူလိုင် ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်များ၊ ဘီလင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၀ ခုကို ဖွင့်လှစ်ပေးထားကြောင်း ၎င်းက ပြောသည်။
ယနေ့ (ဇူလိုင် ၁၃ ရက်) ထိ ဘီလင်းမြစ်ရေသည် ပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ရေဘေးရှောင်ပြည်သူများသည် ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေကြဆဲဖြစ်ကြောင်း သိရသည်။
ရာသီဥတုအခြေအနေ ဆက်လက်ကောင်းမွန်လာပါက ဒေသခံပြည်သူများသည် လာမည့်ရက်ပိုင်းအတွင်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)









